ပခုက္ကူမှာ သံဃာတော်များက မေတ္တာပို့ ချီတက်ဆန္ဒပြပြန်
မဇ္ဈိမသတင်းဌာန
Wednesday, 31 October 2007 13:38 - မြန်မာစံတော်ချိန်
မထင်မှတ်ဘဲ တလကျော် ကာလအတွင်း ပထမဆုံး ဆန္ဒပြပွဲ ပြန်လည် ဖြစ်ပွားခြင်း ဖြစ်ပြီး စစ်အစိုးရ ဦးစီးသော ကြံ့ခိုင်ဖွံ့ဖြိုးရေးများ၏ ဟန်ပြညီလာခံ ထောက်ခံပွဲများကို တန်ပြန် ဆန့်ကျင် လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။
အတိအကျ ပြောရရင် ၇၃ ပါးတိတိ၊ ၈ နာရီခွဲလောက်မှာ လမ်းမှာတွေ့တယ်။ တချို့ ကိုယ်တော်တွေက ဆွမ်းခံကြွနေလို့ မသိလိုက်ဘူး။ အနောက်တိုက်ကနေ စလာတယ်။ ဗောဓိမဏ္ဍိုင်တိုင် ကျောင်းရယ်၊ မြတိုက်ကျောင်း ရယ်ကပေါ့နော်” ဟု ပခုက္ကူ ဒေသခံက ဆိုသည်။
သာသနာ့ ဝိပုလာကျောင်းတိုက် (အနောက်တိုက်) မှ စတင်၍ ဗိုလ်ချုပ်လမ်းအတိုင်း အရှေ့ဘက်သို့ ကြွချီလာရာတွင် ဗောဓိမဏ္ဍိုင် ကျောင်းနှင့် မြတိုက်ကျောင်းမှ သံဃာအချို့ ပူးပေါင်း ပါဝင်လာပြီးနောက် အကြိုတော်ရုံ လမ်းသို့ ချိုးဝင်ကာ အရှေ့တိုက် ကျောင်းဝင်း ဖြတ်ဝင်ခဲ့ပြီး ပေါက်လမ်းအတိုင်း အနောက်သို့ ကွေ့၍ ရွှေကူဘုရားတွင် မေတ္တာပို့ ဆုတောင်းခဲ့ကြသည်။
ဆက်သွယ်တဲ့လူတွေ နောက်ကျသွားလို့ မေတ္တာပို့ပွဲကို ဦးဇင်းတွေ အကုန်လုံး မသိလိုက်လို့ အခုလို လူနည်းသွားတာ။ အနောက်ကလာပြီးတော့ အရှေ့တိုက်ထဲကနေ မြောက်ဘက်ကို ထွက်တယ်။ တိုက်ထဲက ကိုယ်တော်တွေ ဆွမ်းခံကြွနေလို့ မသိလိုက်ဘူး။ ရွှေကူဘုရားမှာ မေတ္တာပို့ပြီးတော့ လူစုခွဲတယ်။ နောက်ရက် ဆက်လုပ်ဖို့ဆိုတာကတော့ မသေချာသေးဘူး” ဟု စာသင်တိုက်ကြီး တခုမှ ဦးဇင်းတပါးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က လောင်စာဆီ ဈေးနှုန်းနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြနေသည့် ပခုက္ကူမှ သံဃာတော်များကို အာဏာပိုင်များက ကြိုးကွင်းပစ် ဖမ်းခြင်း၊ ဓာတ်တိုင်တွင် ကြိုးတုပ်ကာ ရိုက်နှက်ခြင်းနှင့် ဖမ်းဆီး လူဝတ်လဲခြင်းများ ပြုလုပ်ခဲ့သဖြင့် မကျေမနပ်ဖြစ်ကာ နအဖ စစ်ခေါင်းဆောင် အနေဖြင့် ဤဖြစ်ရပ်နှင့် ပတ်သက်၍ စက်တင်ဘာ ၁၇ ရက်နောက်ဆုံးထားပြီး တောင်းပန်ရန်နှင့် မတောင်းပန်ပါက ပတ္တနိကုဇ္ဇန ကံဆောင်မည်ဟု ပခုက္ကူရှိ သောတုဇ္ဇန ဘိက္ခု စာသင်သား သံဃာတော်များ အဖွဲ့က ပြောဆိုခဲ့ပြီးနောက် မြို့ကြီး အများအပြားတွင် ရွှေဝါရောင် သံဃာလူထု ဆန္ဒပြပွဲကြီးများ ဖြစ်ပွားခဲ့သည်။
အဆိုပါ သံဃာ့ ဆန္ဒပြပွဲကြီးများကို စစ်အစိုးရမှ အကြမ်းဖက် နှိမ်နင်းလိုက်သဖြင့် စက်တင်ဘာလ နှောင်းပိုင်းတွင် ဆန္ဒပြပွဲများ ရပ်တန့်ခဲ့ပြီးနောက်ပိုင်း သံဃာထုဆန္ဒပြပွဲကို ပထမဆုံးအကြိမ် ပခုက္ကူတွင် ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည်။
စစ်အစိုးရက ညီလာခံ ထောက်ခံပွဲ တခုကို ယနေ့နံနက် ၆ နာရီခန့်က ပခုက္ကူ ခရိုင် အားကစားကွင်း၌ ကျင်းပရာ တအိမ်လျှင် တယောက် မတက်မနေရ တက်ရောက်ရမည် ဖြစ်ကာ တက်ရောက်ပါက ကျပ်ငွေ ၁၅ဝဝ ပေးမည်ဟု ရယက ဥက္ကဌများက စည်းရုံးခဲ့ကြသည်။ မတက်ရောက်ပါက ဒဏ်ငွေအဖြစ် ၃ဝဝဝ ကျပ် ပေးဆောင်ရမည်ဟုလည်း ပါရှိသည်။
သူတို့က ရွာကလူတွေကို အတင်းအကျပ် ခေါ်ပြီးတော့ ထောက်ခံပွဲလုပ်တယ်။ မြို့ခံ လူတွေကတော့ ဘောလုံးကွင်း မရောက်ခင် ဖြတ်လမ်းကနေ ပြန်ကြတယ်။ ရွာကလူတွေကတော့ ဘာမှန်းညာမှန်း မသိတော့ ဘောလုံးကွင်းထဲအထိ ပါသွားကြတယ်။ သူတို့ကိုတော့ ကားတွေနဲ့ ကြိုပို့လုပ်တယ် ပြောတယ်” ဟု ဒေသခံတဦးက ပြောသည်။
်